သင့်ကို တိတ်တိတ်လေး စိတ်ဒုက္ခပေးနေတဲ့ Cortisol
စိတ်ညစ်လိုက်တာ၊ စိတ်ရှုပ်လိုက်တာ၊ စိတ်ပင်ပန်းလိုက်တာလို့ သင်တွေးနေရတဲ့ အကြောင်းတရားတွေရဲ့ နောက်ကွယ်မှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ကြိုးကိုင်ချယ်လှယ်နေတယ်ဆိုတာကို သင်သိပြီးပြီလား။
စိတ်ဖိစီးမှုဟော်မုန်းလို့ လူသိများတဲ့ Cortisol ဟော်မုန်းဟာ လူတစ်ယောက် သတ်မှတ်ထားတဲ့ ခံနိုင်ရည်ထက် စိတ်ဖိစီးမှုပိုခံစားနေရတဲ့အခါ ခန္ဓာကိုယ်ကနေ အများအပြားထွက်ရှိလာတတ်ပါတယ်။
အဆိုပါ Cortisol ဟော်မုန်းက သင့်တင့်တဲ့ပမာဏပဲ ရှိတဲ့အခါ ကောင်းကျိုးအနေနဲ့
- စိတ်ဖိစီးမှု၊ ဘေးအန္တရာယ်အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအားပိုကောင်းလာစေတယ်
- ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ်ဓာတ်ချက်လုပ်နှုန်းကို မြန်စေတယ်
- သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်
- ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
ဒါပေမယ့် Cortisol ဟော်မုန်းက သတ်မှတ်ထားတဲ့ပမာဏထက် များလွန်းသွားပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးအနေနဲ့
- ဝမ်းဗိုက်နဲ့ မျက်နှာပတ်လည်မှာ ကိုယ်အလေးချိန်၊ အဆီပိုတက်လာမယ်
- အရေပြား ထိခိုက်ပါးလွှာလာပြီး အနာကျက်နှေးလာမယ်
- ဝက်ခြံတွေ ပိုပေါက်လာမယ်
- အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အမွေးအမျှင်တွေ ထူလာမယ်
- ရာသီစက်ဝန်း ကမောက်ကမဖြစ်လာပါမယ်။
သတ်မှတ်ထားတဲ့ပမာဏထက် နည်းသွားပြီဆိုရင် နောက်ဆက်တွဲအနေနဲ့
- မကြာခဏ မောပန်းနွမ်းနယ်နေမယ်
- မူးဝေအော့အန်တတ်မယ်
- ကိုယ်အလေးချိန် ကျလာမယ်
- ကြွက်သားတွေ အားပျော့လာမယ်
- ဝမ်းဗိုက်မှာ နာကျင်မှုဝေဒနာ ခံစားရမယ်
ဒါကြောင့် အပေါ်မှာပြောထားခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရတယ်၊ ဒါမှမဟုတ် စိတ်ဖိစီးမှုဝေဒနာကို အချိန်ကြာမြင့်စွာ ခံစားနေရတယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏကို စစ်ကြည့်သင့်ပါတယ်။ Cortisol ဟာလည်း ဟော်မုန်းတွေထဲကတစ်ခုဖြစ်တာကြောင့် သင့်တင့်တဲ့ပမာဏကို မထိန်းထားရင် Hormonal Imbalance ဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
အကယ်လို့ ကျန်းမာရေးစစ်ဆေးကြည့်တဲ့အခါ Cortisol ပမာဏ မျှတမှုမရှိဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ သင့်တော်တဲ့ ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။
ရဲမျိုးမြတ်
kiba 27 Oct 2023 |